နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း တည်ထောင်ခြင်း အနှစ် (၂၀)ပြည့် ထုတ်ပြန်ချက်

ရက်စွဲ။   ။ မတ်လ ၂၃ ရက်၊ ၂၀၂ဝ ပြည့်နှစ် 

ယနေ့  ၂၀၂ဝ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့သည်နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း တည်ထောင်ခြင်း အနှစ် (၂၀) ပြည့်ခဲ့ပြီဖြစ်သည်။ 

အေအေပီပီ၏ အနှစ် (၂၀) ပြည့်နှစ်တွင် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်း များ၊ ၎င်းတို့နှင့် ဆက်စပ်ပတ်သက်နေသော မိသားစုဝင်များ၊ အကျဉ်းထောင်တွင်း ကျဆုံးခဲ့ကြသူများ၊ အကျဉ်းထောင်ပြင်ပတွင် ကွန်လွန်သူ နိုင်ငံရေးအကျဉ်းသားဟောင်းများအား အလေးအနက် ဦးညွှတ် ဂုဏ်ပြု လိုက်ပါသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းသည် စတင်တည်ထောင်ချိန်မှစ၍နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်ပါသည်။ ထို့ပြင် တဆက်တစပ်တည်းဖြစ်သော လူ့အခွင့်အရေး၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး ကာကွယ်မြှင့်တင်ရေး အတွက်လည်း အစဉ်တစိုက် လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်။ 

နိုင်ငံရေးအကျဉ်းသားများသည် ညှဉ်းပန်းနှိပ်စက်မှု၊ အကျဉ်းအကျပ်များ၊ ဆင်းရဲပင်ပန်းမှုများ အောက်တွင် မည်သို့ရင်ဆိုင်ရသည်ဖြစ်စေ၊ ပြည်သူလူထုအကျိုးအတွက် ကိုယ်ကျိုးစွန့်၍ မိမိတို့ယုံကြည်ချက် များကို မလျှော့သောဇွဲ သတ္တိတို့ဖြင့် ရဲရင့်တည်ကြည်စွာ တွန်းလှန်ကျော်ဖြတ် ခဲ့ကြသည့်သူများ ဖြစ်သည်။ ထို့ကြောင့် ထိုသူများကို မိမိတို့အနေဖြင့် နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ပါသည်။  

မြန်မာနိုင်ငံတွင် ပြည်တွင်းလက်နက်ကိုင်ပြဿနာများ၊ တန်းတူညီမျှမှုမရှိမှုများ၊ အာဏာအလွဲ သုံးစားပြုမှုများ၊ လက်နက်အားကိုးဖြင့်ဥပဒေမဲ့ဖမ်းဆီး၊ သတ်ဖြတ်မှုများ၊ ဓနအင်အားဖြင့် အနိုင်ကျင့် စော်ကားမှုများ၊ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်များအား ပိတ်ပင်ဟန့်တားသည့်ဥပဒေများ စသည်တို့ မရပ်တန့်နိုင်သေးသရွေ့ မညီမျှမှု၊ မလွတ်လပ်မှုတို့ကို ဆန့်ကျင်တွန်းလှန်မှုများလည်း ဆက်လက်ရှိနေဦး မည်ဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံရေးအကျဉ်းသားများလည်း ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

ယနေ့အချိန်သည် အမျိုးသားရင်ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် တာဝန်သိသူ အားလုံးက အားသွန်ခွန်စိုက် ကြိုးစားအားထုတ်နေကြပေသည်။ အဘက်ဘက်တွင် နိမ့်ကျကျန် နေခဲ့သော မြန်မာနိုင်ငံ သည် တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်ပြီး အေးချမ်းစွာအတူ ယှဉ်တွဲနေထိုင်နိုင်ရေး အတွက် အရေးတကြီးလိုအပ်နေချိန်လည်းဖြစ်သည်။ 

အုပ်ချုပ်သူများအနေဖြင့် ဒီမိုကရေစီစံချိန်စံညွှန်းနှင့် အခြေခံလူ့အခွင့်အရေးများကို လေးစား လိုက်နာပြီး တိကျစွာကျင့်သုံးနိုင်မှသာလျှင် နိုင်ငံသားတိုင်း နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ တန်းတူ ညီမျှခံစားခွင့်ရပြီး ဥပဒေ၏ အကာအကွယ်ကို ရရှိခံစားနိုင်ကြမည်ဖြစ်သည်။ သို့မှသာ လွတ်လပ်မှု၊ တန်းတူမှု၊ ညီမျှမှုတို့အတွက် တောင်းဆိုတွန်းလှန်မှုများလည်း ရပ်တန့်နိုင်မည်ဖြစ်ပြီး ထိုလှုပ်ရှား ဆောင်ရွက်ချက်များကြောင့် ဖမ်းဆီးထောင်ချခံနေရသည့် နိုင်ငံရေးအကျဉ်းသား ကိစ္စကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်သည်။ 

ထို့ကြောင့် အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံးပြန်လည် လွှတ်ပေးခြင်း ဖြင့် နိုင်ငံတော်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အမြန်ဆုံးဦးတည် လျှောက်လှမ်း နိုင်မည်ဖြစ်ကြောင်း အလေးအနက်တိုက်တွန်းလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းအနေနှင့်လည်း နိုင်ငံရေးအကျဉ်းသားများ မရှိသော နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး အပြည့်အဝခံစားခွင့်ရရှိမည့် ဒီမိုကရက်တစ်လူ့အဖွဲ့ အစည်း ဖြစ်လာစေရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အလေးအနက်ကတိ ပြုလိုက်ပါသည်။ 

“နိုင်ငံရေးအကျဉ်းသားရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်” 

၂၃၊ ၃၊ ၂၀၂၀

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

ဆက်သွယ်မေးမြန်းနိုင်ရန်

ဦးတိတ်နိုင်      အတွင်းရေးမှူး      ဝ၉၄၂၈၀၂၃၈၂၈

ဦးဘိုကြည်  တွဲဘက်အတွင်းရေးမှူး   ဝ၉၄၂၅၃ဝ ၈၈၄၀

ဦးအောင်မျိုးကျော် (မြန်မာပြည်တာဝန်ခံ) ဝ၉၄၂၈၁၁ ၇၃၄၈


















