စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၇၄၃) ဦး ရှိခဲ့ပြီဖြစ်ပါသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၅၉၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၁၃၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၀) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၂) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၄) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၇၃၂) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။
ယနေ့ရရှိသောအချက်အလက်များအရ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်တရားရုံးမှ လူမှုကွန်ရက်စာမျက်နှာ၌ ထင်ပေါ်ကျော်ကြားသူ တစ်ဦးဖြစ်သော ကိုကျော်ရဲထွေး (ခ) အလင်းသခင်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။ ကိုကျော်ရဲထွေးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် မူဆယ်မြို့ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးခြင်းခံခဲ့ရသည်။
ထို့ပြင် ဇန်နဝါရီလ ၁၂ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်အချိန်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပေကေကျေးရွာအုပ်စု၊ လေးဝါးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးသီး ခြောက်လုံးကြဲချ၍ တိုက်ခိုက်ခဲ့ရာ ဗုံးသီးများမှာ ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲသောကြောင့် သင်းအုပ်ဆရာ နှစ်ဦး အပါအဝင် ဒေသခံ ငါးဦး သေဆုံးခဲ့ပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများမှာ စောရယ်ဒီ၊ စောချမ်းအေး၊ စောဖားဘလယ်၊ နော်လားခလယ်ဖောနှင့် အသက် နှစ်နှစ်နှင့် ဆယ့်တစ်လအရွယ်ရှိ နော်မရီးနာတို့ဖြစ်ကြသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
ကျဆုံး – bit.ly/3taCmp3
ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm
လွတ်မြောက် – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – – https://youtu.be/OoyTSNG7zv4
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း