စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဧပြီ ၈ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဧပြီ ၈ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံး ခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၉၆၆) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၈၃၇) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၃၂၈) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၈၉) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၉) ဦးနှင့် အမျိုးသား (၂၄) ဦး စုစုပေါင်း (၅၃) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့သည်။ အဆိုပါ သေဆုံးသူများအနက် (၄၅) ဦးသည် စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး ကျန် (၈) ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ ၎င်းပြည်နယ်၌ အဆိုပါကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၂၂) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာရှိ စစ်ဘေးရှောင်များခိုလှုံနေထိုင်သည့် စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာရှိ စာသင်ကျောင်းဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် သိုင်းချောင်းကျေးရွာမှ ဦးမှဲ့ဒေါင်းနှင့် သက်ကြီးအမျိုးသမီး ဒေါ်ဖြူနုမတို့ကို ဗုံးစထိမှန်ကာ သေဆုံးခဲ့ပြီးနောက် ပြည်သူအချို့ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထိုထိခိုက်ဒဏ်ရာရရှိသူများအနက် စိုင်ခြုံကျေးရွာမှ ကိုးလအရွယ်ရှိသော ကလေးငယ် မောင်အေးမင်းခိုင်မှာ ဇန်နဝါရီလ ၂၆ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဆေးကုသမှုခံယူနေစဉ် ထပ်မံ၍သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

