စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မတ် ၁၉ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ် ၁၉ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၉၃၆) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၆၅၉) ဦးရှိပြီး ထိုအထဲမှ (၂၂၃၆၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၂၃၄) ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၉ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီး (၄) ဦးနှင့် အမျိုးသား (၈) ဦး စုစုပေါင်း (၁၂) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် ပဲခူးတိုင်းမှာ (၄) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး မွန်ပြည်နယ်မှာ (၃) ဦး သေဆုံးခဲ့သည်။

မတ်လ ၁၆ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်တွင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာ၌ အထိုင်ချတပ်စွဲထားသည့် အင်အား ၁၀၀ ဝန်းကျင်ခန့်ပါရှိသော အကြမ်းစစ်အုပ်စုစစ်ကြောင်းက ဖလံပင်ကျေးရွာသို့စစ်ကြောင်းထိုးဝင်ရောက်စဉ် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ယင်းစစ်ကြောင်းသည် ကျေးရွာဒေသခံများဖြစ်ကြသည့် ပြည်သူသုံးဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩