စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မတ် ၁၂ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ် ၁၂ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၈၇၀) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၆၂၂) ဦးရှိပြီး ထိုအထဲမှ (၂၂၄၈၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၃၂၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၂ ရက်နေ့အထိ မကွေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၆) ဦးနှင့် အမျိုးသား (၁၁) ဦး စုစုပေါင်း (၂၇) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက်ကလေး (၆) ဦး ပါဝင်သည်။ သေဆုံးသူများအနက် (၁၇) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့သည်။ အဆိုပါကာလအတွင်း ၎င်းဒေသ၌ အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၂၅) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ မိအယ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းသူများဖြစ်ကြသည့် မဆုရဒီလွင်နှင့် မနှင်းသီရိလွင်တို့အပါအဝင် ဒေါ်ဟန်ကြည်၊ ဒေါ်ခင်မိုးမိုးခိုင်နှင့် မဖြူဖြူဝင်းတို့ကို ဗုံးစထိမှန်ကာ သေဆုံးခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩