စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၇၉၉) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၄၆၈) ဦးရှိပြီး ထိုအထဲမှ (၂၂၇၇၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၅၂၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်၌ အကျဉ်းသားများအနေဖြင့် ၎င်းတို့ရရှိရမည့်အကျဉ်းသား အခွင့်အရေးများကို တောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးအပါအဝင် အကျဉ်းသားတချို့ တိုက်ပိတ်ခံထားရသလို၊ မကွေးတိုင်း၊ မကွေးအကျဉ်းထောင်၌လည်း အကျဉ်းထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်းနှင့် လုံလောက်သည့် ဆေးဝါးကုသမှုမပေးဘဲ လျစ်လျူရှုခြင်းများရှိနေသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများလည်း ပိုမိုဆိုးဝါးလာလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကုန်မှ စတင်ကာ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာ ဆယ်ရွာဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် မင်းကျေးရွာနှင့် မြဝတီကျေးရွာမှ အမျိုးသမီး လေးဦးကိုလည်း အဓမ္မပြုကျင့်ခဲ့သလို ၎င်းဒေသရှိ ပြည်သူသောင်းနှင့်ချီမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မြေပြင်သတင်းများအရ သိရသည်။

ယခင်သီတင်းတပတ်တာအတွင်း စစ်အုပ်စု၏ ကျူးလွန်မှုများကြောင့် သေဆုံးခဲ့ရသည့် အရပ်သား (၃၃) ဦး ဝန်းကျင်ခန့်ကိုလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ မှတ်တမ်းပြုစုနိုင်ခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် : https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩