စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း  သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၆၉၀) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၂၉၁) ဦးရှိပြီး ထိုအထဲမှ (၂၂၇၃၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၄၇၄) ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ဖမ်းဆီးထိန်းသိမ်းပြီးနောက် ၎င်းတို့၏တရားဝင် ထိန်းသိမ်းရေးစခန်းများဖြစ်သော စစ်ကြောရေးတွင် သေဆုံးသူ အမျိုးသား (၈) ဦး၊ ရဲစခန်း၌ သေဆုံးသူ အမျိုးသား (၃) ဦးနှင့် အကျဉ်းထောင်များ၌ သေဆုံးသူ အမျိုးသမီး (၂၅) ဦးနှင့် အမျိုးသား (၆၂) ဦး၊ စုစုပေါင်း (၉၈) ဦး ရှိခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။ 

ကိုဉာဏ်မင်းထွန်းသည် ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် ဇာတိဖြစ်ပြီး အဖမ်းခံရပြီးနောက် ၂၀၂၃ ခုနှစ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ (က) ဖြင့် ထောင်ဒဏ်ကျခံနေရသူဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဘားအံအကျဉ်းထောင်အတွင်း၌ အာဟာရပြည့်၀စွာမကျွေးခြင်းကြောင့် အစားအသောက် အဆင်မပြေမှုများနှင့် အလုပ်ခိုင်းစေခြင်းများရှိနေကြောင်းကို နိုင်ငံရေးအကျဉ်းသား (၁၂)ဦးက ထောင်ပိုင်မှ လာရောက်စစ်ဆေးချိန်တွင်တင်ပြခဲ့သဖြင့် အကျဉ်းဦးစီးဌာနမှဝန်ထမ်းများက သံခြေချင်းဒေါက်ခတ်၍ တိုက်ပိတ်ထားခဲ့သည်။ ထို့နောက် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား (၁၂) ဦးကို အကျဉ်းဦးစီးဌာနမှဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဒေါက်ဖြုတ်ပေးသော်လည်း ခြေချင်းတန်းလန်းဖြင့် ရိုက်နှက်၍ ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး ထိုသို့ခံရသူများအနက်မှ ကိုဉာဏ်မင်းထွန်းမှာ သေဆုံးသွားခဲ့ပြီး နောက်ထပ် နိုင်ငံရေးအကျဉ်းသားနှစ်ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် –      https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org 

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)