စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၄၇၂) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၉၉၈) ဦးရှိပြီး ထိုအထဲမှ (၂၂၆၇၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၃၉၁)ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတည်ပြုနိုင်သော သတင်းအချက်အလက်များအရ ယနေ့အထိ ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံထားရသူ (၈၅) ဦး ရှိပြီး ထိုအရေအတွက်တွင် အမည်စာရင်းအတည်ပြုနေဆဲ (၅၄) ဦးပါဝင်သည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၉ ရက်နေ့အထိနိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၆) ဦးနှင့် အမျိုးသား (၁၇) ဦး စုစုပေါင်း (၂၃) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက်  ကလေး (၄) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၈) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး မကွေးတိုင်းမှာ (၇) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။ အဆိုပါ ကာလအတွင်း အတည်ပြုရန် လိုအပ်နေဆဲ သေဆုံးအရပ်သား (၄၀) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့၊ ညနေပိုင်းအချိန်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ကလေး-ဂန့်ဂေါလမ်းမကြီးပေါ်တွင် ဆိုင်ကယ် Taxi မောင်းသမားတဦးသည် ခရီးသည်ပို့ဆောင်နေချိန် နတ်မြောင်းကျေးရွာအနီးသို့ရောက်ရှိစဉ် အကြမ်းဖက်စစ်အုပ်စုက သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် ယာဉ်မောင်းဖြစ်သည့် နတ်ချောင်းကျေးရွာသား ကိုသက်နိုင်လင်း၏ရင်ဘတ်ကို ကျည်ထိမှန်၍ နေရာတွင် သေဆုံးခဲ့ပြီး ခရီးသည်နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)