စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဧပြီလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဧပြီလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၅၂၀) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၀၄၄) ဦးရှိပြီး ထိုအထဲမှ (၂၂၁၆၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၅၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်း အကျဉ်းချခံထားရသူ အကျဉ်းသား/ အကျဉ်းသူ (၄၈၉၃) ဦးကို ထောင်မှလွှတ်ပေးခဲ့သည်ဟုကြေညာခဲ့ရာ အဆိုပါစာရင်း၌ နိုင်ငံရေးအကျဉ်းသားပြန်လည်လွတ်မြောက်မှုကို အေအေပီပီက စောင့်ကြည့်မှတ်တမ်းတင်လျက်ရှိပြီး ယနေ့ညနေ ၄ နာရီအထိ ကောက်ယူရရှိထားသော သတင်းအချက်အလက်များအရ အကျဉ်းထောင် (၂၁) ထောင်မှ နိုင်ငံရေးအကျဉ်းသား (၃၈၀) ဝန်းကျင်ကို အရေအတွက်အားဖြင့်လည်းကောင်း၊ အဆိုပါ အရေအတွက်ထဲမှ (၃၈) ဦးကို အမည်နှင့်တကွလည်းကောင်း ပြန်လည်လွတ်မြောက်လာသည်ကို အတည်ပြုနိုင်ခဲ့သည်။
တဖက်တွင် နိုင်ငံတကာရှေ့မှောက်၌ မျက်နှာသာရစေရေး အကျဉ်းသားလွှတ်ပေးမှုကို ဟန်ပြသရုပ်ဖော်နေသော်လည်း အခြားတဖက်တွင် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း၌ပင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်ခဲ့သောကြောင့် အရပ်သားပြည်သူ (၂၁) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး၊ အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၇၀) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းရရှိထားသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

