စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မတ်လ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ်လ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၄၄၈) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၉၃၄) ဦးရှိပြီး ထိုအထဲမှ (၂၂၁၄၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၁၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၂၂) ဦးနှင့် အမျိုးသား (၁၇) ဦး စုစုပေါင်း (၃၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၆) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် မကွေးတိုင်းတွင် (၉) ဦးဖြင့် အများဆုံး သေဆုံးခဲ့ပြီး တနင်္သာရီတိုင်းတွင် (၆) ဦး သေဆုံးခဲ့ပါသည်။
မတ်လ ၂၁ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်အချိန်တွင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စုက အနီးနားရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ချောင်းလမုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ရှောင်နေရာမှ ရိက္ခာပြန်သယ်ယူခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး မမီးမဲနှင့် ကိုသောင်းပုတို့ မောင်နှမနှစ်ဦးမှာ ကျည်စထိမှန်၍ နေရာတွင်သေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသားနှစ်ဦးမှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ထိုနေ့ ညပိုင်းအချိန်တွင်ပင် ပြင်းထန်ဒဏ်ရာရရှိသည့် အမျိုးသားနှစ်ဦးအနက်မှ တဦးမှာ သေဆုံးသွားခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

