စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မတ်လ ၅ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ်လ ၅ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၈၀) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၇၄၁) ဦးရှိပြီး ထိုအထဲမှ (၂၁၉၆၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၅၁၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၁၁) ဦးနှင့် အမျိုးသား (၄၁) ဦး စုစုပေါင်း (၅၂) ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးခဲ့သည်။ မတ်လ ၂ ရက်နေ့တွင် မကွေးတိုင်း၊ မကွေးမြို့နယ်၊ စစ်ကိုးပင်ကျေးရွာနေ CDM ကျန်းမာရေးဝန်ထမ်းဖြစ်သူ မပိုးဥအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ထောက်ပို့ပြုလုပ်သည်ဟု စွပ်စွဲကာ အကြမ်းဖက်စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့သည်။
ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်းရှိ စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီး (၂၄) ဦးနှင့် အမျိုးသား (၅၆) ဦး စုစုပေါင်း (၈၀) ဦး ရှိခဲ့သည်။ ထိုအရေအတွက်တွင် စစ်ကိုင်းတိုင်းမှာ (၅၅) ဦးဖြင့် အများဆုံးထောင်ဒဏ်ချမှတ်ခံထားရပြီး ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသူ (၆) ဦး ပါဝင်သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

