စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၂၈၇) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၅၇၉) ဦးရှိပြီး ထိုအထဲမှ (၂၁၈၃၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၃၃၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အေအေပီပီ၏ မှတ်တမ်းနှင့်သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ အကြမ်းဖက်စစ်အုပ်စုက ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းကို မြေပြင် စစ်ကြောင်းထိုးဝင်ရောက်ခြင်းများပြုလုပ်ကာ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ် ခဲ့သည့်အတွက် နေအိမ်ရှစ်ဆယ်ဝန်းကျင် မီးလောင်ပျက်စီးခဲ့သည်။ ထို့အပြင် ဖေဖော်ဝါရီလ ၁၂၊ ၁၃နှင့် ၁၄ ရက်နေ့များတွင်လည်း အင်အားအလွန်အကျွံ အသုံးပြုကာ စစ်ကိုင်းတိုင်းရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ကလေးမြို့နယ်များ၌ နေ့စဉ်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူ ၂၀ ဦးဝန်းကျင် သေဆုံးခဲ့ရသည့်အပြင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု သိရှိရသည်။
အလားတူ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းနှင့် ဆေးရုံ အဆောက်အဦတချို့ ပျက်စီးခဲ့သည့်အပြင် ထိုနေ့တွင်ပင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ပိန္နဲကုန်းကျေးရွာနှင့် ကော်ကပ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးဆုံးရှုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

