စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဒီဇင်ဘာလ ၂ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဒီဇင်ဘာလ ၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၀၀၀) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၇၅၁) ဦးရှိပြီး ထိုအထဲမှ (၂၁၁၈၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၆၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီး၌ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများအား နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်မှုများ လုပ်ဆောင်လျက်ရှိပြီး လုံလောက်သည့် ဆေးဝါးကုသမှုလည်း မပေးကြောင်း သိရှိရသည်။ တချို့အကျဉ်းထောင်များ၌ ဆေးဝါးပို့ဆောင်ခွင့်ကို ကန့်သတ်ချက်များနှင့် လုံးဝပိတ်ပင်ထားမှုများလည်း ရှိသည်။ ထို့ပြင် အကျဉ်းသားများအား ထောင်ပြောင်းရွှေ့မှုများလည်း အကြိမ်ကြိမ် လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၅၀၀ ဝန်းကျင်ခန့်ကို ထောင်ပြောင်းရွှေ့မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ဘေးရှောင်ဦးရေပိုမိုများပြားလာပြီး အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်မှုများအပြင် ဆိုးဝါးသည့်ရာသီဥတုဒဏ်ကြောင့် ပြီးခဲ့သည့်သီတင်းတပတ်အတွင်း စစ်ဘေးဒုက္ခသည် ငါးဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ၎င်းအပြင် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေသော စစ်အုပ်စုက အရပ်သားပြည်သူများနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများကို ဦးတည်တိုက်ခိုက်လျက်ရှိပြီး နိုဝင်ဘာလ ၂၈ ရက်နေ့က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာတချို့ကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ဘာသာရေးအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့သည်။ နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ် ၁၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ပြင် နိုဝင်ဘာ ၃၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ် ၁၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

