စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – အောက်တိုဘာလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၈၀၀) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၅၂၉) ဦးရှိပြီး ထိုအထဲမှ (၂၁၀၃၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၉၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၃၅) ဦးနှင့် ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်း မီးရှို့ခံရသူ (၁၅) ဦး စုစုပေါင်း (၅၀) ဦး ရှိသည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။ အဆိုပါ (၅၀) ဦးအနက် အသက် ၆၀ နှစ်နှင့်အထက် သေဆုံးသူ (၂၂) ဦး ပါဝင်ပြီး၊ မန္တလေးတိုင်းမှာ (၁၉) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်သည်။
စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖုံကျေးရွာသို့ မြင်းခြံမြို့အခြေစိုက် အမှတ် ၁၅ ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဒေသခံများဖြစ်ကြသည့် ဦးရဲဝင်း၊ ဦးအောင်ကျော်ဇင် နှင့် ကိုကျော်စွာဝင်း တို့အား ဖမ်းဆီးခဲ့သည်။ စစ်အုပ်စုက ဦးရဲဝင်း၏ ခြေထောက်ကိုရိုက်ချိုး၍ ရင်ဘတ်ကိုဓါးဖြင့် ထိုးကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့၍ သော်လည်းကောင်း၊ ကိုကျော်စွာဝင်းကိုလည်း လည်ပင်းဓါးဖြင့်လှီးကာ ပစ်ခတ်သတ်ဖြတ်ခဲ့၍ သော်လည်းကောင်း၊ ဦးအောင်ကျော်ဇင်၏ ဦးခေါင်းကိုလည်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့နောက် ၎င်းတို့၏ ရုပ်အလောင်းများကို ဒေသခံနေအိမ်အချို့အား မီးရှို့ချိန်၌ ထည့်သွင်း၍ မီးရှို့ပစ်ခဲ့ကြသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

