စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၄၈၄) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၀၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၉၇၂) ဦးရှိပြီး ထိုအထဲမှ (၂၀၀၃၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၇၂၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၉) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၂) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅၉၃၈) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ အကြမ်းဖက်စစ်အုပ်စုမှ မတရားအာဏာလုထားသည့် သုံးနှစ်ပြည့်သော ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတဝန်းရှိ ပြည်သူများ အသံတိတ်သပိတ်နှင့် အဖြူရောင်လှုပ်ရှားမှုများ၌ ပါဝင်ခဲ့ကြပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့မှ ပြည်သူ ခြောက်ဦးကို သပိတ်လှုပ်ရှားများ၌ ပါဝင်ခဲ့သည့်အတွက် စစ်အုပ်စုက ဖမ်းဆီးခဲ့သည်။ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို အကြမ်းဖက် ဖြိုခွင်း၍ မတရားဖမ်းဆီး၊ ထောင်ချမှုများ စစ်အုပ်စုက ဆက်တိုက်လုပ်ဆောင်လာပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း တနင်္သာရီတိုင်း၌ စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်မှုကို ပြန်လည်စတင်လာခဲ့ပြီး တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်၌ စစ်အုပ်စုနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ဖြစ်ပွားသော မြေပြင်စစ်ပွဲများအတွင်း မြေပြင်မှ လက်နက်ကြီးများအပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထို့ပြင် ဘာသာရေးဆိုင်ရာ အဆောက်အဦများ အပါအဝင် စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲသော်လည်းကောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းသော်လည်းကောင်း စစ်ဘက်၊ အရပ်ဘက် ခွဲခြားခြင်းမရှိဘဲ လေကြောင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု များပြားလျက်ရှိသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် အဆိုပါကာလအတွင်း စစ်အုပ်စု၏ လက်ချက်ဖြင့် ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက ဖော်ပြပါ doc_data_team@aappb.org အီးမေးလ်သို့ တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း