စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၄၁၆) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၇၅၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၈၅၄) ဦးရှိပြီး ထိုအထဲမှ (၁၉၉၅၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၅၄၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၉) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၂) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅၉၀၂) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများ ပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ဇန်နဝါရီလဆန်းပိုင်းမှ စတင်၍ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များ၌ အကြမ်းဖက်စစ်အုပ်စု၏ ခြေလျင်တပ်ရင်းများ၊ ၎င်းတို့၏လက်အောက်ခံ ရဲတပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက အရပ်သားပြည်သူများအား မဲနှိုက်၍ ပြည်သူ့စစ်အတွင်း ဝင်ရောက်ရန် ခြိမ်းခြောက်ကာ အတင်းအဓမ္မ စုဆောင်းနေသဖြင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်နှင့် နတ်တလင်းမြို့နယ်မှ ပြည်သူ့စစ်သင်တန်းတက်ရန် ငြင်းဆန်သည့် ဒေသခံ အမျိုးသား ၁၁ ဦးကို စစ်အုပ်စုက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေသည့် စစ်အုပ်စုက ကျေးရွာများကို စစ်ကြောင်းထိုး၍ အရပ်သားများကို ဖမ်းဆီးနှိပ်စက်ပြီး လူမဆန်စွာ သတ်ဖြတ်မှုများ ဆက်တိုက် ကျူးလွန်လျက်ရှိသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာကို စစ်အုပ်စု၏ စစ်ကြောင်းက ဝင်ရောက်စီးနင်း၍ ဒေသခံပြည်သူ ၁၅ ဦးကို လူသားဒိုင်းအဖြစ် ရေဦးမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဖမ်းဆီးခံရသူများအနက် ၅ ဦးကို သေဆုံးလျက် တွေ့ရှိခဲ့ပြီး ကျန် ၁၀ ဦးမှာ လက်ရှိအချိန်အထိ ပျောက်ဆုံးလျက်ရှိနေသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၌ စစ်အုပ်စု၏ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်များက အရပ်သားများကို ပစ်မှတ်ထား၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်သဖြင့် ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုနှုန်းမှာ မြင့်တက်လျက်ရှိသည့်အပြင် ပြည်သူပိုင် နေအိမ်နှင့် ပစ္စည်းဥစ္စာများကို မီးရှို့ဖျက်ဆီးခြင်း၊ သမိုင်းဝင်အမွေအနှစ်များကို ဖျက်ဆီးခြင်းစသည့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် အဆိုပါကာလအတွင်း စစ်အုပ်စု၏ လက်ချက်ဖြင့် ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက ဖော်ပြပါ doc_data_team@aappb.org အီးမေးလ်သို့ တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း