စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဒီဇင်ဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၂၃၂) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၅၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၄၉၅) ဦးရှိပြီး ထိုအထဲမှ (၁၉၇၀၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၂၄၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ဒီဇင်ဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၀) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၃) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅၇၈၈) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သတင်းပတ်အတွင်း ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၌လည်းကောင်း၊ စစ်ကိုင်းတိုင်း၌ ပုလဲမြို့နယ်နှင့် တန့်ဆည်မြို့၌လည်းကောင်း၊ ပဲခူးတိုင်း၊ ဖြူးမြို့နယ်နှင့် ချင်းပြည်နယ်၊ ရေဇွာမြို့ အပါအဝင် နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက ပြည်သူများနေထိုင်ရာ အရပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံး၍ ဒဏ်ရာရရှိပြီး ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ အပါအ၀င် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်၌ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ခဲ့သည့် တကျော့ပြန်တိုက်ပွဲများအတွင်း စစ်အုပ်စုက ကြည်းကြောင်းနှင့် ရေကြောင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုနှုန်းမှာ မြင့်တက်လျက်ရှိပြီး စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် အရပ်သားများနေထိုင်ရာ ဒေသများကို ဝင်ရောက်စီးနင်း၍ မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စာသင်ကျောင်း အပါအဝင် ပြည်သူပိုင် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည်။ ၎င်းအပြင် စစ်အုပ်စုက ရခိုင်ပြည်နယ်၌ ကုန်းလမ်းနှင့် ရေလမ်းကို ပိတ်ပင်ထားသောကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။
စစ်အုပ်စုက အာဏာသိမ်းပြီးနောက် အရပ်သားပစ်မှတ်များကို ဦးတည်၍ သာလွန်အင်အားဖြင့် တိုက်ခိုက်လျက်ရှိသည့်အပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကိုလည်း ကျူးလွန်လျက်ရှိသည်။ ဒီဇင်ဘာလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာကို စစ်အုပ်စုနှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးများက ဝင်ရောက်စီးနင်း၍ ဒေသခံများကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် နေအိမ်များကိုလည်း မီးရှို့ခဲ့သောကြောင့် အိမ်ခြေ တစ်ရာကျော် မီးလောင်ပျက်စီးခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း