စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ နိုဝင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၂၀၂) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၅၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၄၆၃) ဦးရှိပြီး ထိုအထဲမှ (၁၉၇၂၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၁၈၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

နိုဝင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၀) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၃) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅၇၄၂) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သတင်းပတ်အတွင်း ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုနှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်အုပ်စုက ဒေသခံပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးသည့်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိသည်။ ထို့ပြင် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ ရေတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်သည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် မြို့မစျေးရှိ ဆိုင်ခန်းများ မီးလောင်ပျက်စီးခဲ့သည်။

စစ်အုပ်စု၏ လေတပ်က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နှင့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၌ အရပ်သားများ နေထိုင်ရာ ဒေသများနှင့် ဆေးရုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံနှင့် နေအိမ်များ ပျက်စီးခဲ့သည်။ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်က လေကြောင်းမှ ဗုံးကြဲခဲ့သောကြောင့် အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်အုပ်စုက ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်အထိ အကြမ်းဖက်ဖြိုခွင်းနေလျက်ရှိရာ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၀ ရပ်ကွက်ရှိ စျေး၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြီးနောက် အကြမ်းဖက်စစ်အုပ်စု၏ တပ်သားများက အင်အားအများအပြားဖြင့် ရောက်ရှိလာပြီး ဈေးအတွင်းရှိ ဈေးဆိုင်များကို ထိုနေ့ ညပိုင်းအချိန်နှင့် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အကြမ်းဖက် ဖျက်ဆီးခဲ့သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း