စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၁၆၁) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၅၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၃၅၉) ဦးရှိပြီး ထိုအထဲမှ (၁၉၆၃၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၇၉၃၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၀) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၃) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅၇၂၃) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းပြီးနောက် ၎င်းတို့ကို ဆန့်ကျင်ဆန္ဒပြသည့် အရပ်သားပြည်သူများကို ဖမ်းဆီး၊ ညှင်းပန်းနှိပ်စက်၍ မတရားသောပုဒ်မများဖြင့် ထောင်သွင်းအကျဉ်းချလျက်ရှိသည်။ အာဏာမသိမ်းခင် ကိုဗစ်စည်းကမ်းများကြောင့် ပိတ်ပင်ထားသော မိသားစုနှင့် ထောင်ဝင်စာတွေ့ခွင့်ကို ပြီးခဲ့သည့် သတင်းပတ်အတွင်း အောက်တိုဘာလ ၂၄ ရက်နေ့တွင် အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ဝန်ကြီးချုပ်၊ အမတ်နှင့် နိုင်ငံရေးပါတီဝင်အချို့ အပါအဝင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာတွေ့ခွင့် ကန့်သတ်ထားဆဲဖြစ်ကြောင်း  သိရှိရသည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသားများအပေါ် ဖမ်းဆီးထိန်းသိမ်းပြီးနောက် ရဲစခန်း၊ စစ်ကြောရေးနှင့် အကျဉ်းထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသားအခွင့်အရေး မရရှိဘဲ ထောင်အတွင်းနှင့် စစ်ကြောရေးတွင် ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးမှုများအပြင် စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အကျဉ်းထောင်းတွင်းရှိ ထောင်တွင်းဆေးခန်းများ၌ လုံလောက်သည့် ဆေးဝါးကုသမှု မရရှိခြင်းနှင့် အရေးပေါ် ကျန်းမာရေးအခြေအနေများကို အချိန်မှီ ဆေးကုသခွင့် မရရှိခြင်းကြောင့် သေဆုံးမှုများ ဖြစ်ပေါ်နေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် နည်းမျိုးစုံဖြင့် သတ်ဖြတ်ခံခဲ့ရသူ အရေအတွက်မှာ (၁၅၀၁) ဦး ရှိပြီးဖြစ်သည်။ အဆိုပါ (၁၅၀၁) ဦးအနက် စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် ရဲစခန်း၌ သေဆုံးခဲ့သူ (၂၅) ဦး၊ စစ်ကြောရေး၌ သေဆုံးခဲ့သူ (၁၁၄) ဦးနှင့် အကျဉ်းထောင်းအတွင်း၌ သေဆုံးခဲ့သူ (၆၈) ဦး ပါဝင်သည်။

ထို့ပြင် ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းတွင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဟင်းချိုတောကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ခဲ့စဉ် ဦးကျော်သိန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ၎င်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၁၊ ၅၂ တို့ဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ပြီး ထားဝယ်အကျဉ်းထောင်၌ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီခွဲခန့်အချိန်တွင် ၎င်းသည် အမောဖောက်လာ၍ အကျဉ်းထောင်ဆေးခန်း၌ ကုသရာမှတဆင့် ပြင်ပဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့သည်။ ၎င်း၏ရုပ်အလောင်းကို ထားဝယ်ဆေးရုံကြီးရှိ ရင်ခွဲရုံ၌ ထားရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း