စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍
နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဇူလိုင်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၈၀၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၈၉၄) ဦးရှိပြီး ထိုအထဲမှ (၁၉၅၁၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၈၅၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဇူလိုင်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၂၂) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၈) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄၃၈၁) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ အရပ်ဒေသများကို ပစ်မှတ်ထား၍ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသောကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရှေးဟောင်းစေတီတစ်ဆူနှင့် ဘုရားဆင်းတုတော်များ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း ထိမှန်ပျက်စီးခဲ့သည်။
ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးသောကြောင့် အရပ်သားပြည်သူများမှာ နေထိုင်ရာဒေသများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရသည်။ ဇူလိုင်လ ၁၅ ရက်နေ့ ညနေပိုင်းအချိန်တွင် အင်အား ၁၀၀ ကျော်ပါဝင်သော စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ခွန်တောင်ကြီးကျေးရွာမှ ပျူစောထီးများနှင့် ညောင်ပင်သာစိုက်ပျိုးရေးသိပ္ပံကျောင်းမှ အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက ခင်ဦးမြို့နယ်၊ တဲဘိုပင်ကျေးရွာကို စစ်ကြောင်းထိုးခဲ့သည်။ အဆိုပါစစ်ကြောင်းက ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် သိမ်တော်ကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ဝင်ရောက်စီးနင်းခဲ့သောကြောင့် တဲဘိုပင်ကျေးရွာ၊ သိမ်တော်ကျေးရွာ၊ ကျွန်းလည်ကျေးရွာ၊ ကျွန်းဆွယ်ကျေးရွာ၊ ရွှေယမင်းကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် မြို့သစ်ကျေးရွာ အပါအဝင် ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူ ၈၀၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် ရန်ကုန်တိုင်းတွင် (၃၂၅) ဦး သေဆုံးခဲ့သည်။ ထို (၃၂၅) ဦးအနက် ပစ်ခတ်ခံရမှုကြောင့် (၁၁၂) ဦး သေဆုံးခဲ့ပြီး ဆန္ဒပြပွဲအတွင်း ဖြိုခွင်းသတ်ဖြတ်ခံရသူ အရေအတွက်မှာ (၁၇၄) ဦး ရှိပြီးဖြစ်သည်။ ထို့ပြင် ရန်ကုန်တိုင်း၌ (၅၄၅၈) ဦး ဖမ်းဆီးခံခဲ့ရပြီး (၄၂၄၃) ဦးမှာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။ ထိန်းသိမ်းခံနေရဆဲ လူပုဂ္ဂိုလ်များအနက် မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ (၁၁၆၃) ဦး ပါဝင်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း