စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇွန်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၆၅၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၃၁၁) ဦးရှိပြီး ထိုအထဲမှ  (၁၈၉၈၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ  (၆၃၃၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဇွန်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၇) ဦးရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄၃၃၂) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများ နေထိုင်ရာ အရပ်ဒေသများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ပစ်မှတ်ထား၍ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည်။ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ခုဒုံကျေးရွာအုပ်စု၊ ဆံဖလားကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်အုပ်စု၏ နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ကျေးရွာရှိ အခြေခံမူလတန်းစာသင်ကျောင်းနှင့် နေအိမ်လေးလုံး ကျည်စထိမှန် ပျက်စီးခဲ့သည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာဒေသများကို စစ်ကြောင်းထိုးသောကြောင့် ပြည်သူများမှာ နေထိုင်ရာဒေသများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရသည်။ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ သံဘိုကျေးရွာ၊ ရေအေးကုန်းကျေးရွာ၊ ချောင်းဆုံကျေးရွာနှင့် ကျီးကန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်က စစ်ကြောင်းထိုးသောကြောင့် ဒေသခံ သုံးထောင်ခန့် ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။

ယနေ့ရရှိသော အချက်အလက်များအရ ဇွန်လ ၈ ရက်နေ့ ညပိုင်းအချိန်တွင် တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့၊ အမှတ် (၃) ရပ်ကွက်၌ နေထိုင်သော ကုန်မာဆိုင်ပိုင်ရှင် မချိုချိုဦးကို အကြမ်းဖက်စစ်အုပ်စု၏တပ်သားများက PDF နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲပြီး ၎င်း၏နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့သည်။ လက်ရှိတွင် ၎င်းကို အကြမ်းဖက်စစ်အုပ်စု၏ ခြေမြန်တပ်ရင်း-၄၁၀ ၌ ထိန်းသိမ်း၍ စစ်ဆေးနေကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေသည့် ပဒူကျေးရွာမှ စစ်ဘေးရှောင်ကိုးဦးကို အကြမ်းဖက်စစ်အုပ်စု၏တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု စွပ်စွဲ၍ ဇွန်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ လက်ရှိတွင် ၎င်းတို့အား စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ အတွင်းရှိ စစ်ကြောရေးသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Sector ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Sector_Data_Definition (2-Feb-2023)

Special Condition ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Special_Condition_Data_Definition (2-Feb-2023)

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း